Gazette

သီတဂူအဓိပတိ သြဝါဒ 10-Oct-2016

(သီတဂူဝန်ဆောင်အစည်းအဝေး၊ စစ်ကိုင်း)

၂၀၁၆ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ရက်နေ့ မနက်ခင်းအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အထူးအစည်းဝေးခန်းမဆောင်တွင် သီတဂူဝန်ဆောင်သံဃာတော်များ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် သီတဂူအဓိပတိဆရာတော်ကြီးက မိန့်ကြားခဲ့သော သြဝါဒကထာကို တပည့်ဒကာအပေါင်း သိရှိနိုင်ကြစေရန်အတွက် ဒေါက်တာအရှင်ကောဝိဒ (သီတဂူစတား) မှ ရေးသားပူဇော်ပါသည်။

#အဖွင့်

ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဘဝိဿန္တိ၊ ဝုဒ္ဓိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နော ပရိဟာနိ။ရဟန်းတို့ ဘိက္ခုတို့သည် ရဟန်းသံဃာတော်တို့သည် ငါဘုရား သာသနာမှာ အဆက်မပြတ် မကြာမကြာ ဆွေးနွေးတိုင်ပင်၍ နေကြသေးသမျှ ကာလပတ်လုံး သာသနာတော်နှင့် ရှင်ရဟန်းတို့အတွက် ကြီးပွားတိုးတက်ဖို့ပဲ ရှိတယ်။ ပျက်စီးရာပျက်စီးကြောင်း မရှိဘူး။ အကျိုးကတော့ ဒီတစ်မျိုးပဲ။ ပျက်စီးခြင်းကို မလိုလားတဲ့ ကြီးပွားတိုးတက်ခြင်းကို လိုလားတဲ့ တပည့်တော်တို့ ဘုရားသားတော် သံဃာတော်တွေဟာ မပြတ်မပြတ်စည်းဝေးဖို့ ဆွေးနွေးဖို့ တိုင်ပင်ဖို့ လိုပါတယ်။

မြတ်စွာဘုရားရဲ့ ထိုမိန့်မှာတော်မူသည့်အားလျော်စွာ ဒီကနေ့ ဒို့ တက္ကသိုလ်(၃)ခုမှာ တာဝန်ထမ်းကြတဲ့ တပည့်တွေ ခေါ်ပြီးတော့ ဒါ ဒီကနေ့ အစည်းအဝေးလုပ်တယ်။ ငါကိုယ်တိုင် အသက်(၈၀)ပြည့်ဖို့ နော်၊ လပိုင်းပဲလိုတော့တယ်။ ဘယ်နှစ်လ လိုသေးလဲ၊ ငါးလပဲ လိုတယ်။

အသက်(၈၀)ပြည့်တဲ့ပွဲ အခမ်းအနား မူစနစ်တွေ အကြမ်းဖျင်း ဒီကနေ့ဆွေးနွေးဖို့ အခမ်းအနားကျင်းပဖို့ အဲဒီရည်ရွယ်ချက်နှစ်ပါး။ ရှစ်ဆယ်ပြည့်ပြီးတဲ့နောက်မှာ တာဝန်တွေကို ပေါ့ပေါ့ပါးပါး အများနှင့်ဆိုင်တဲ့ တာဝန်တွေကိုပေါ့လေ။ ပေါ့ပေါ့ပါးပါး ထမ်းပြီးတော့ ကိုယ့်တာဝန်ကိုယ်ထမ်းဖို့။ တစ်ခုကတော့ ရှစ်ဆယ်ပြည့်ပွဲကို ကျင်းပဖို့ Proposal ကိုပေါ့လေ။ အကြမ်းဖျင်း မူစနစ်ကလေးတွေ ချမှတ်ဖို့ ဒီကနေ့ ဒီအစည်းအဝေးကို ခေါ်ရခြင်းဖြစ်တယ်။ မြတ်စွာဘုရားဆောင်ရွက်သွားတာလေးတွေ စီမံတော်မူသွားတာလေးတွေ မင်းတို့နည်းနည်းပြန်ကြည့်။

#ဘုရားလက်ထက်က ၀န်ဆောင်သံဃအဖွဲ့ ဖွဲ့စည်းပုံ

တစ်ခုက ဘာပြောမလဲဆိုရင် ဘုရားဖြစ်ပြီးတော့ (၉)လအကြာ၊ မဂဓတိုင်းရဲ့မြို့တော် ရာဇဂြိုလ်က ဝေဠုဝန်မှာ တပို့တွဲလပြည့်နေ့မှာ ပထမအဂ္ဂသာဝကကို ဘယ်သူ့ပေးလဲ။ အေး ရှင်သာရိပုတ္တရာရဲ့ ရဟန်းဖြစ်ရပ်ဟာ (၁၅)ရပ် နှစ်ပတ်ပဲရှိသေးတာ၊ သိက္ခာငယ်တယ်။ ဒုတိယအဂ္ဂသာဝကဆိုပြီးတော့ ရှင်မောဂ္ဂလာန်ခန့်တယ်။ သာသနာတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ မြတ်စွာဘုရား အဲဒီမှာ စတာပဲ။

ရဟန်းသက် နှစ်ပတ်သာရှိသေးတဲ့ ရဟန်းတော်ကြီးနှစ်ပါးကို ပထမအဂ္ဂသာဝကနှင့် ဒုတိယအဂ္ဂသာဝကဆိုပြီးတော့ ဘုရားရဲ့ လက်ဝဲ လက်ယာ နေရာပေးပြီးတော့ သာသနာတော်ကို အုပ်ချုပ်စေတဲ့ စီမံချက်မှာ ကြည့်လိုက်ရင်နော်။ ပဉ္စဝဂ္ဂီငါးပါးကို လှမ်းကြည့်လိုက်ရင် သာရိပုတ် မောဂ္ဂလာန်တို့ထက် သိက္ခာကြီးတယ်၊ ရဟန်းခြောက်ကျိတ်ကြည့်လိုက်လည်း သိက္ခာကြီးတယ်၊ ၇ လလောက်သိက္ခာကြီးတယ်။

ဥရုဝေလကလာတဲ့ ရသေ့တစ်ထောင်မှဖြစ်သော ရဟန်းတစ်ထောင်ကြည့်ရင်လည်း သိက္ခာကြီးတယ်။ တပို့တွဲလဆန်းတစ်ရက်မှာ ရဟန်းဖြစ်တဲ့ အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလာန်လေ။ မင်းကွန်း ဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓဝင်ကိုဖတ်။ ဆရာတော်ကြီးက ရက်အတိအကျနဲ့ သေချာတွက်ပြီးရေးထားတယ်။ အဲတော့ ပြောချင်တာက ရံခါမှာ သိက္ခာဝါကြီးစဉ်အတိုင်း မဟုတ်ဘဲ။ စွမ်းတဲ့ပုဂ္ဂိုလ်ကို စွမ်းသလို တာဝန်ပေးတယ်ဆိုတာကို အားလုံးသတိပြုရမယ်။ ဒါ မြတ်စွာဘုရားလုပ်သွားတာ။

ဘုရားရှင်ရဲ့(၄၅)ဝါ တစ်လျောက်လုံး ပေါ်လာတဲ့ အမှုအခင်းကိစ္စတွေ အရှင်သာရိပုတ္တရာကြည့်လိုက်ရင် ဘယ်ဘက်စွမ်းလဲ ဓမ္မဘက်စွမ်းလို့ ဓမ္မသေနာပတိ ပေးတယ်။ မြတ်စွာဘုရားရဲ့ ဘဝခရီးမှာ အလုပ်အကျွေး (၇)ပါးရှိတယ်။ (၅)ပါး အကုန်လုံး ဖြုတ်ပစ်ရတာ။ နံပါတ်(၆) ရှင်ဥပဝါဏနော်။ ရှင်ဥပဝါဏတော့ ဖြုတ်ပြစ်တာ မဟုတ်ဘူး။ ရှေ့ပိုင်းက (၅)ပါးရဲ့ ဖြစ်စဉ်တွေကို သံဝေဂရလွန်းလို့၊ ဥပမာ သုနက္ခတ္တရဟန်းဆိုကြည့်လေ။ ဝေသာလီဘုရားနဲ့ ဆွမ်းခံသွားတယ်။ နောက်ကလိုက်ပြီး ဘာတွေးလဲ ဘုရားကို ဘုရားမထင်ဘူး။ ကိုယ်တုံးလုံးဂျိန်းဘုန်းကြီးတွေကို ဘုရားထင်တယ် မဟုတ်လား။ ပါထိကဝဂ်မှာ ဖတ်။ အလုပ်ကျွေးသာ ခန့်ထားတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ဆို အလုပ်လုပ်လို့ မရဘူး။ လုပ်ငန်းတွေ အကုန်ပျက်ကုန်မယ်။ ဘုရားအထင်မကြီးဘူး ဂျိန်းဘုန်းကြီး တုံးကြားထဲ အိပ်နေတာ အထင်ကြီးတယ်။

အဲဒီလို မြတ်စွာဘုရားကို ပြစ်မှားတဲ့ အချိန်မှာ သူရထားတဲ့ အဘိဉာဉ်တွေ ကွယ်သွားတယ်။ အဘိဉာဉ်ကွယ်သွားတော့ ဘာတွေးလဲ။ ဣဿာ မစ္ဆရိယ အတော်အားကြီးတာပဲတဲ့၊ ငါရထားတဲ့ အဘိဉာဉ်တွေ ဖျောက်ပြစ်တယ်တဲ့။ အဲသလို အတွေးအခေါ်သမားမျိုးတွေနဲ့ အလုပ်လုပ်လို့ မရဘူးဆိုတာကို မင်းတို့ တပည့်တွေ အကုန်နားလည်ထားရမယ်။ နောက်အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလာန်တို့ ဘုရားရဲ့ လက်ဝဲလက်ယာ ထားလိုက်ပြီးတော့ အနားကပ် အလုပ်အကျွေးကို အရှင်အာနန္ဒာကို ရွေးရတာ။ ဝါတော်ဘယ်လောက်မှာလဲ။ ဝါတော်(၂၁) ကျမယ်။ ရှေ့ပိုင်းဝါ (၂၀)ဘုရားဒုက္ခဖြစ်တယ်။

ဆွမ်းခံသွားရင်းနဲ့ လမ်း သပိတ်ချထားခဲ့တဲ့ ကိုယ်တော်တောင် တွေ့သေးတယ် မဟုတ်လား။ နာဂသမာလလား နာဂိတလား တစ်ပါးပါးပဲ။ ဘုရားက လမ်းရိုးအတိုင်း သွားမယ်တဲ့ သူက ဖြတ်လမ်းက သွားမယ်တဲ့။ အဲဒီမှာ သဘောထား ကွဲကြတာလေ။ အဲဒီတော့ နောက်ဆုံးကျတော့ အဲဒီကိုယ်တော်ဘာလုပ်လဲ။ ကဲ ကိုယ်တော်လည်း ကြွချင်တဲ့လမ်းက ကြွ။ တပည့်တော်လည်း ဖြတ်လမ်းကချမယ်။ ဘုရားသပိတ်ကြီး လမ်းပေါ်ထားပြစ်ခဲ့တာ။ အဲဒီတော့ ငါလည်း စဉ်းစားတယ်။ ဘုရားတောင် ဒီလိုတွေ့သေးတာ ငါအခုထိ အဲလိုကောင်မျိုးနဲ့ မတွေ့သေးဘူး။ တော်တော်သေးရဲ့ ကံကောင်းတယ်လို့ တွေးရတယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဘဝခရီးကြည့်ပြီးတော့ ငါလည်းအခု ကမ္ဘာ့ခရီး အခု(၈၀)ရောက်ပြီဆိုတော့ စီမံချက်တွေ ငါလုပ်ရမယ်။

#ကြီးသူကိုရိုသေ ငယ်သူကို ငှဲ့ညှာတဲ့စနစ်

နောက်တစ်ခု သိက္ခာဝါငယ်သော အရှင်သာရိပုတ် အရှင်မောဂ္ဂလာန်တို့ကို First Great Disciple and Second Great Disciple ဆိုပြီးတော့ လုပ်လိုက်တဲ့အခါမှာ သိက္ခာဝါအကြီးဆုံးဖြစ်တဲ့ အရှင်ကောဏ္ဍညက နေရာဘယ်နား သွားရလဲ။ ဘုရားရဲ့ နောက်မှာ နေရာရတယ်။ အရှင်ကောဏ္ဍည ဘာဖြစ်လဲ။ ဣဿာ မစ္ဆရိယ ဖြစ်လား။ သဘောထားကြီးတယ်နော်။ သူတို့အခမ်းအနားတွေ နေရာစဉ်လိုက်ရင် အရှင်ကောဏ္ဍညက ဘုရားနောက်နားက။ ညာဘက်မှာ အရှင်သာရိပုတ် ဘယ်ဘက်မှာ အရှင်မောဂ္ဂလာန်။ အရှင်သာရိပုတ်နဲ့ အရှင်မောဂ္ဂလာန်က ဘုရားရှိခိုး။ ဘုရားရှိခိုးပြီးတော့မှ သိက္ခာအကြီးဆုံးဖြစ်တဲ့ အရှင်ကောဏ္ဍညကို ရှိခိုးပြီးတော့ ထိုင်တယ်။

အဲဒီမှာ ငါစာဖတ်ကြည့်တယ်။ အော် ကြီးသူကို ရိုသေဆိုတာ အံသြစရာကောင်းလောက်အောင် ရိုသေကြတာပဲ။ ကောင်းလိုက်တဲ့ ကျင့်ထုံးတွေ ဟုတ်လား။ ဟိုမှာ အဂ္ဂသာဝကကြီးနှစ်ပါးက အဂ္ဂသာဝက မဟုတ်တဲ့ အရှင်ကောဏ္ဍညကို ရှိခိုးကြတာ။ ဒီကျင့်ထုံးလည်းပဲ မင်းတို့ အားလုံးလေးလေးနက်နက် လိုက်နာကျင့်သုံးဖို့ လိုတယ်။ ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေခြင်းဆိုတာ သိပ်အရေးပါအရာရောက်တယ်။ ဒီတော့ အရှင်သာရိပုတ်နဲ့ အရှင်မဟာမောဂ်က သိပ်ဂုဏ်တက်တယ်။ ဘာရာထူးမှ မရှိရှာတဲ့ အရှင်ကောဏ္ဍညက အားနာတယ်။ အရှင်သာရိပုတ်လည်း အားနာ၊ အရှင်မဟမောဂ္ဂလာန်ကိုလည်း အားနာတယ်။ ဘုရားရှိခိုးပြီးရင် လွတ်လွတ်လပ်လပ် ထိုင်ကြနေပါစေတော့လို့ ရည်ရွယ်ချက်နဲ့ အရှင်ကောဏ္ဍည ဘယ်သွားနေလဲ။ မြတ်စွာဘုရား ခွင့်ပန်ပြီးတော့ အနောတတ်အိုင်မှာ သွားနေတာ။ အဲဒီတော့ ပွဲလမ်းသဘင်အခမ်းအနား နေရာယူကြဟေ့ဆိုရင် ဘုရားရှိခိုးပြီးရင် အရှင်သာရိပုတ်နဲ့ အရှင်မဟာမောဂ်တို့ ထိုင်ခွင့်ရသွားတယ်။ နောက်က အကောဏ္ဍညရှိခိုးဖို့ မလိုတော့ဘူး။ အဲဒီတော့ ကြီးတဲ့ပုဂ္ဂိုလ်ကလည်း ငယ်တဲ့ ပုဂ္ဂိုလ်တွေကို ငှဲ့ညှာထောက်ထားတဲ့ စိတ်နေသဘောထားဟာ မင်းတို့အားလုံး အရှင်ကောဏ္ဍညထုံးကို နှလုံးမူရမယ်။ အနောတတ်အိုင်မှာနေပြီးတော့ ပရိနိဗ္ဗာန်စံတော့လည်း အနောတတ်အိုင်မှာ ဆင်တွေနဲ့ ပရိနိဗ္ဗာန်စံတယ်။ ဆင်တွေရဲ့ အလုပ်အကျွေးနဲ့ နေသွားတယ်။

ဘုရားသားတော်တွေ၊ ဘုရားစာတွေ သင်ထားတဲ့ မင်းတို့တတွေအတွက် ဒါတွေဟာ နေနည်းထိုင်နည်းတွေပေါ့ကွာ။ စိတ်သဘောထားတွေပေါ့ကွာ။ နှလုံးသွင်းပုံတွေပေါ့ကွာ။ ပိဋကတ်တော်မှာလာတဲ့ ဖြစ်ရပ်တွေကို ငါ apply လုပ်ပြတာ။ မင်းတို့ တယ်လီဖုန်းလေးတွေထဲမှာလည်း apply ဆိုတာ application ဆိုတာ အများကြီးလုပ်တယ်။ တယ်လီဖုန်းမှာပဲ apply လုပ်မနေဘဲ ပိဋကတ်က အဆိုအမိန့်တွေလည်း apply လုပ်ကြပါဦး။ အဲဒါလည်းပဲ ဒီကနေ့ တိုက်တွန်းတယ်။ apply လုပ်တတ်ရင် အများကြီးပဲ။ အဲဒါလောက် စိတ်နေသဘောထား နှလုံးသွင်း နေထိုင်ကျင့်သုံးမှု အချင်းချင်း ပေါင်းသင်းဆက်ဆံကျင့်သုံးမှု အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလာန်တို့ အရှင်ကောဏ္ဍညတို့ အရှင်အာနန္ဒာတို့ရဲ့ ကျင့်ထုံးတွေ ကျင့်သုံးမှုတွေကို အကြမ်းဖျင်းလောက် Guide line အနေနဲ့ ပြောပြီးရင် ဘုရားမရှိတဲ့နောက် အနေအထားလေးကို နည်းနည်းပြောမယ်။

#မြတ်ဗုဒ္ဓအလွန် သံဃဝန်ဆောင်အဖွဲ့

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ကုသိနာရုံမှာ သံဃာ(၇)သိန်း စုမိတယ်။ ရုပ်ကလာပ်မီးသင်္ဂြိုလ်တာတွေ ဘာတွေ အကုန်ပြီးပြီ ထားလိုက်တော့။ အဲဒီသံဃာ(၇)သိန်းက အရှင်မဟာကဿပကို ထိုင်တောင်းပန်ကြတယ်။ ဒီသံဃာ့အစည်းအရုံးကြီးကို အရှင်ဘုရား ထိန်းသိမ်းတော်မူပါ စောင့်ရှောက်တော်မူပါ။ ဘုရားမရှိတဲ့နောက် သံဃာ့အစည်းအရုံးကြီးဟာ ဖရိုဖရဲ။ Well Organize မဖြစ်ခဲ့ဘူး။ စောင့်ရှောက်တော်မူပါဆိုတော့ Well Organize မဖြစ်ကြောင်းကို မင်းတို့စဉ်းစားကြည့်လေ။

ဒေဝဒတ်ရဲ့အဆက်အနွယ်တွေဟာ ပြတ်သွားသလား။ ဘုရားမရှိတဲ့နောက်။ ၀ဇ္ဇီပုတ္တကဆိုတဲ့ ကိုယ်တော်တွေဟာ ဒေဝဒတ်ရဲ့ တပည့်တွေ မဟုတ်လား။ ကျန်နေတယ်။ အဆက်မပြတ်ဘူး။ နှစ်တစ်ရာလောက်ကို ကျော်ကြည့်လိုက်။ ဝေသာလီမှာ ဒုတိယသင်္ဂါယနာတင်ရခြင်းရဲ့ အကြောင်းဟာ ၀ဇ္ဇိပုတ္တကတွေလုပ်လို့ မဟုတ်လား။ ၀ဇ္ဇိပုတ္တကတွေက ဘာလုပ်လဲ။ Ten points of controversial တွေကို သူတို့ကြေညာတယ်လေ။ အဲဒါတွေက ဒေဝဒတ်ရဲ့တပည့်တွေ။ အဲဒါကြောင့် အက်ကြောင်းကထင်နေတယ်။ အဲဒီအက်ကြောင်းကြီးကို ထိန်းဖို့ဆိုပြီးတော့ သံဃာ(၇)သိန်းက အရှင်မဟာကဿပကို ထိုင်တောင်းပန်တာ။ တောင်းပန်တော့ အရှင်မဟာကဿပက လက်ခံတယ်။

သံဃာ(၇)သိန်းကနေ အရှင်မဟာကဿပကို ခေတ်လိုပြောရင် ဥက္ကဋ္ဌပေါ့ကွာ။ အကြီးအကဲရာထူးကို သဘောတူ တင်လိုက်တယ်။ မြတ်ဗုဒ္ဓကလည်း မှာထားခဲ့တယ်။ “သော ဝေါ အာနန္ဒ မမစ္စယေန သတ္ထာ”- သော- ထိုဓမ္မဝိနယ နှစ်ပါးဟာ။ မမစ္စယေန- ငါဘုရားလွန်တဲ့အခါမှာ။ သတ္ထာ ဘဝိဿတိ- မင်းတို့တတွေရဲ့ ဆရာအဖြစ်နဲ့ နေလိမ့်မည်။ အဲဒီ ပိဋကတ် ပြန့်ကျဲနေတယ်။ Well Organize လုပ်ဖို့ သံဃာတော်များက အရှင်မဟာကဿပကို အကြီးအကဲတင်ပြီးတော့ တောင်းပန်တယ်၊ လုပ်ပေးပါ။

ပန်းပင်ကြီးတစ်ပင်သည် ပင်လုံးကျွတ်ပွင့်နေရကနေ ပန်းပင်ကြီး လဲသွားတဲ့အခါမှာ ပင်လုံးကျွတ်ပွင့်တဲ့ပန်းတွေဟာ မြေပြင်မှာ ကျဲသွားတယ်။ အဲဒါတွေကို စုစည်းဖို့ လိုလိမ့်မည်။ အရှင်ဘုရား ဆောင်ရွက်တော်မူပေးပါဆို သံဃနာယကဥက္ကဋ္ဌတင်လိုက်တော့။ ရှင်မဟာကဿပက “ဟ- ငါတစ်ယောက်ထဲနဲ့ လုပ်မဖြစ်ဘူး”တဲ့။ လုပ်ဖော်ကိုင်ဖက် လိုတယ်။ အင်္ဂလိပ်လိုပြောမယ် Man Power လိုတယ်။ လူအင်အား မရှိရင် လုပ်မရဘူး။ ဘယ်လောက်လိုလဲ ငါးရာ။

သံဃာကို ဘာပြောလဲ ရွေးပေးပါ။ အရှင်မဟာကဿပက ပြောတယ်။ သံဃာက ဘာပြန်ပြောလဲ။ အရှင်ဘုရားနဲ့ တွဲလုပ်မည့်ကိုယ်တော်ကိုတွေကို အရှင်ဘုရား ကိုယ်တိုင်ပဲ ရွေးပါ။ ဒီမိုကရေစီဆိုတဲ့ လူတွေဟာ အဲဒါမသိဘူး။ ဒီမိုကရေစီကို ကြွေးကြော်နေတဲ့လူတွေ အဲဒီစနစ်ကို မသိဘူး။ သံဃာ(၇)သိန်းထဲမှာ မင်းတို့ ကြည့်လေ။ ၀ဇ္ဇီပုတ္တက အနွယ်တွေရှိတယ်။ ဒေဝဒတ်ရဲ့အဆက်အနွယ်တွေ။ ကောသမ္ဗီသံဃာတွေ ရှိတယ်။ သုဘဒ္ဒရဲ့ အပေါင်းအသင်းတွေ သံဃာတွေရှိတယ်။ မရှိဘူးလား။

ဒီမိုကရေစီစနစ်နဲ့ဆို ဆူသွားမှာပေါ့။ သံဃာရွေးတဲ့နေရာမှာ။ အဲတော့ သံဃာအားလုံးက ဘယ်သူ့အပ်လဲ။ အရှင်မဟာကဿပကို စိတ်ကြိုက်ရွေးဖို့ အာဏာအပ်တယ်။ ဗဟိုဦးစီးစနစ်ဆိုတာ ရံခါမှာ လိုတယ်။ ဒီကနေ့ တိုင်းပြည်အတွက်ဆို ငါ အဲဒီစနစ်က ပိုပြီးတော့လိုနေတယ်လို့ ထင်တယ်။ ဂဏစနစ်ဆိုပြီးတော့ အများစုပေါင်း အုပ်ချုပ်စနစ်ဆို ပေးလည်းပေးလိုက်ရော။ အကုန်လုံး ဆူပွက်ပြီးတော့ စည်းမဲ့ကမ်းမဲ့ ဖြစ်ပြီးတော့ စည်းမဲ့ကမ်းမဲ့တွေ ပိုများသွားတယ်။

#ဟီးရိုးကြိုက်တဲ့ မြန်မာနိုင်ငံ

ဒီကနေ့ ဒို့နိုင်ငံမှာ။ ဗဟိုဦးစီးစနစ် တစ်နည်းဆိုရင်တော့ ဒို့ဆရာ အနီးစခန်းပြောတာ ဗမာတွေက Hero နဲ့မှ တော်တယ်ကွာ။ Hero မျှော်နေကြတာ။ တစ်ယောက်ကောင်းပြီဆို နောက်က တစ်အုပ်ကြီး လိုက်တာပဲတဲ့။ အဲဒီတစ်ယောက်မရှိဘူးဆိုရင် အကုန်လုံးဖရိုဖရဲ ဖြစ်ကုန်ရောတဲ့။ Hero နောက်မှာ အကုန်နေကြတာ။ Hero ပျောက်ရင် ဒုက္ခရောက်တယ်။ အဲဒါ ဗမာ့သဘောလေးကို နည်းနည်းသုံးသပ်ပြတာ။ အနော်ရထာတဲ့ဟေ့ဆို နောက်က တစ်အုပ်ကြီး ပါတာပဲမဟုတ်လား။ ဆင်ဖြူရှင်တဲ့ဟေ့ဆို ရုန်းရုန်းအကုန်လိုက်တာ။ ဘုရင့်နောင်တို့ အနော်ရထာတို့ တပင်ရွှေထီး၊ အလောင်းဘုရား၊ ကျန်စစ်သား၊ အဲဒီပုဂ္ဂိုလ်တွေလည်း မရှိရော ဖရိုဖရဲဖြစ်တာပဲ။ ဗိုလ်ချုပ်အောင်ဆန်းဆို ရုန်းရုန်းလိုက်လိုက်ကြတာ တစ်ပြည်လုံး လူမျိုးမရွေး၊ ဘာသာမရွှေး အသင်းအဖွဲ့မရွေး အကုန်ပါတာ။ အောင်ဆန်းလည်း မရှိရော ကွဲပြဲပြီး ပြုတ်ပျက်ကုန်ရော။ အခု ဒေါ်အောင်ဆန်းစုကြည် အုန်းအုန်းနဲ့လိုက်နေကြတာ၊ အေးအေး ဒေါ်အောင်ဆန်းစုကြည် မရှိရင် တိုင်းပြည်က စိုးရိမ်စရာကြီး။

မင်းတို့ကော သီတဂူဆရာတော်မရှိရင် ဘယ်လိုလုပ်မလဲ ဒါစဉ်းစား။ အဲဒါကြောင့် ဂဏစနစ်ဟာ ရာနှုန်းပြည့်မကောင်းဘူး။ လူစွမ်းကောင်းလိုတယ်။ ငါကြည့်ရတာ ငါ့လူတွေ တစ်ယောက်မှ ကောင်းကောင်း မစွမ်းကြဘူး။ တစ်ယောက်ထဲနဲ့ စွမ်းတဲ့ပုဂ္ဂိုလ် ငါအခုထိ ကြည့်လို့မမြင်ဘူး။ အဲတော့ ဂဏစနစ်နဲ့ပဲ သွားမယ်။

ဒီတော့ အရှင်ဘုရားနဲ့ တွဲလုပ်မည့်သူ အရှင်ဘုရားကိုယ်တိုင်ရွေးပါဆိုတော့ အရှင်မဟာကဿပက ငါးရာရွေးတယ် မဟုတ်လား။ အရှင်အာနန္ဒာကိုပါ ထည့်ရွေးတယ်။ သံဃာက ဘာဖြစ်လဲ ဆူသွားတယ်။ ရဟန္တာမဟုတ်သေးဘူး။ ဘာလို့ရွေးတာလဲ ကိလေသာစော်နံတယ်။ အရှင်အာနန္ဒာက ကြားသွားတော့ ဘာလုပ်ကလဲ။ သံဃာက အရှင်မဟာကဿပ က ရွေးထားပြီး အလုပ်အမှုဆောင်ထဲ ထည့်ထားပြီ။ ဗဟိုဝန်ဆောင်ထဲ ငါ့ကို ထည့်ထားပြီ။ ငါက အခြားသံဃာတွေလို မဟုတ်ဘူး။ ကိလေသာတွေ ကျန်နေသေးတယ်။ ကိလေသာအစော်နံတယ်လို့ သံဃာကလည်း ကဲ့ရဲ့နေတယ်။ ငါတော့ ဒီအတိုင်းနေလို့ မဖြစ်ဘူးဆိုပြီးတော့ တစ်ညတည်းနဲ့ ရဟန္တာဖြစ်အောင် အားထုတ်ပြစ်လိုက်တယ် မဟုတ်လား။

အဲတော့ (၁)က လိုအပ်သော အရည်အချင်းမပြည့်သော်လည်းပဲ စွမ်းရည်သတ္တိရှိမယ်လို့ ခေါင်းဆောင်က ယုံကြည်ရင် သူ့ကိုရွေးတယ်ဆိုတဲ့ ထုံးရှိတယ်။ ဆိုကြပါတော့ကွာ မင်းတို့ ဒီမှာ ဓမ္မာစရိယ၊ Ph.D ပေါ့။ ဒို့ ဒီမှာ အလုပ်လုပ်ကြတယ်။ ဓမ္မာစရိယသာ အောင်ထားတယ် Ph.D မပြီးသေးဘူး။ Ph.D သာပြီးထားတယ် ဓမ္မာစရိယမပြီးသေးဘူး။ ဒီလိုပုဂ္ဂိုလ်တွေကို တာဝန်ပေးရမလား၊ ဘယ်လိုစည်းကမ်းသတ်မှတ်မလဲ။ အရှင်အာနန္ဒာကို အရှင်မဟာကဿပရွေးတဲ့ ထုံးရှိတယ်။

အဲတော့ အရှင်အာနန္ဒာကလည်း ငါ့တော့ အလုပ်အမှုဆောင်ထဲ အရွေးခံရပြီဆိုတော့ ဘာလုပ်လဲ။ ညတွင်းချင်း အပြတ်ချတာ၊ မိုးလင်းတော့ Ph.D ရသွားတယ်ပေါ့လေ။ ဒီလိုရှိတယ်။ အဲတော့ မင်းတို့တပည့်တွေ အရည်အချင်း မညံ့စေနဲ့။ အရှင်အာနန္ဒာကဲ့သို့ သူများတွေကဲ့ရဲ့မခံရအောင် အကြိတ်အနယ် လုပ်စရာရှိတာကို လုပ်ရမယ်။ Ph.D သာပြီး၍ ဓမ္မာစရိယမပြီးသေးရင် ပြီးအောင်လုပ်။ ဓမ္မာစရိယသာ ပြီး၍ Ph.D မပြီးသေးရင် ပြီးအောင်လုပ်။

#ခေါင်းဆောင်စိတ်

ပြီးတော့ ခေါင်းရင်းကရော ဘယ်လိုထားမလဲ။ မြတ်စွာဘုရား(၄၅)နှစ် ဟောသွားသော ဓမ္မဝိနယကို ဘာလုပ်ဖို့လဲ။ ထိန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်း ထားတယ်။ ဓုတင်(၁၃)ပါးအပြည့်ကျင့်သုံးပြီးတော့ တောမှာပဲ အမြဲတမ်းနေသော ဘယ်သူလဲဟေ့။ အရှင်မဟာကဿပ။ ဘုရားပရိနိဗ္ဗာန်စံသွားပြီ၊ ကိုယ်တော်တွေ ကုသိနာရုံမှာ ဆူနေပြီ သုဘဒ္ဒကစဆူတယ်လေ။ သုဘဒ္ဒက စပြီးဆူတာ မင်းတို့ကြားတယ်မဟုတ်လား။ ဘာပြောလဲ။ သုမုတ္တာ မယံ တေန မဟာသမဏေန၊ ဣဒါနိ ပန မယံ ယံ ဣစ္ဆိဿာမ၊ ယံ န ဣစ္ဆိဿာမ န တံ ကရိဿာမ။ (စူဠဝဂ္ဂပါဠိ ၄၈၀) ဒို့လွတ်မြောက်ပြီ လုပ်ချင်ရာ လုပ်နိုင်ပြီ။ အဲဒါလည်း အလွန်အရေးကြီးတဲ့ အချက်ပဲ နော်။ ဆရာတော်မှ မရှိဘဲ ဒို့လုပ်ချင်ရာလုပ်နိုင်ပြီ။ ဒီလို စိတ်ကူးတွေပေါက်ရင်တော့ ဒါ တုစ္ဆပဲ။ တုစ္ဆ ပုရိသဆိုတဲ့ စာလုံးကို ဒို့ Lecture တွေမှာ ပြောပြီးပြီနော်။ Senseless ဟုတ်တယ်မဟုတ်လား။ ဘာ sense မှ သူ့မရှိဘူး။ Sense of intelligence, sense of renunciation, Sense of sacrifice, sense of the dedication. ဒီလိုစိတ်ဓာတ်မျိုးတွေ မရှိဘူးဆိုရင် အလုပ်လုပ်လို့ မရဘူး။

အဲတော့ ဓုတင်တေရသဆောင်ပြီးတော့ တောမှာနေတဲ့ အရှင်မဟာကဿပသည် လက်ဝဲရံကြီးလည်း မရှိတော့ဘူး၊ လက်ယာရံကြီးလည်း မရှိတော့ဘူးဆိုတဲ့အခါ သူ ဘုရားအနား ရောက်လာတယ် မဟုတ်လား။ အဲတော့ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ငါ့နေရာလေးနဲ့ငါ ငါချမ်းသာစွာ နေမယ်ဆိုတဲ့ စိတ်ဓာတ်ကို အရှင်မဟာကဿပက ဘာဖြစ်လဲ၊ စွန့်လွှတ်တာ။ Sense of scarify နော်။ တစ်ယောက်ထဲ နေရတာ သူသိပ်ချမ်းသာတာ၊ ဒါပေမယ့် သူမနေနိုင်တော့ဘူး။ sense of the dedication သူ့ဘဝကို သာသနာတော်အတွက် မြုပ်နှံလိုက်တော့မယ်။ အဲဒီမှာ နိဂုံးက ဘာလဲဆိုတော့ မိမိရဲ့အကျိုးစီးပွား၊ မိမိရဲ့ဘဝ ချမ်းသာရေးတို့ကို စွန့်လွှတ်ပြီးတော့ ဘုရားရှင်ရဲ့ ဒီဓမ္မဆိုတဲ့ အမွေအနှစ်တွေကို ထိန်းမယ် စောင့်ရှောက်မယ်ဆိုတဲ့ အရှင်မဟာကဿပ ဧကစာကျင့်သုံး ဓုတင်ကျင့်သုံး တောထဲမှာ တစ်ယောက်ထဲ နေတဲ့ဘဝကနေပြီးတော့ သံဃခေါင်ပြန်ဝင်လာတာ၊ ဒီဖြစ်ရပ်ကြီးဟာ အံ့သြဖွယ်ကောင်းတဲ့ ကြည်ညိုဖွယ်ရာကိစ္စ။

#သက်တော် ၈၀ပြည့်ရန် လေးလအလို တာဝန်များလွှဲ

ဒီမိုကရေစီစနစ်မျိုး ဂဏစနစ်မျိုးနှင့် အုပ်ချုပ်တဲ့ကိစ္စဟာ ကောင်းတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်တွေရဲ့ သဘောထားခံယူချက်တွေက ခုနက senses တွေမှာ ညံ့နေလို့ တုစ္ဆပုရိသတွေ များနေရင် ဂဏစနစ်ဟာ မကောင်းဘူး။ ဒီကနေ့ နိုင်ငံတော်က သုံးနေတဲ့စကားလုံးပေါ့ကွာ ဗဟိုဦးစီးစနစ်ဆိုတဲ့စနစ်ဟာ ကောင်းတဲ့အပိုင်းမှာ အများကြီးကောင်းတယ်။ အဲဒီ ဦးစီးတဲ့ ဗဟိုက ပုဂ္ဂိုလ်က အရည်အချင်းနဲ့ စိတ်နှလုံးကောင်းသလောက် ကောင်းမှာ။ ဒီကနေ့ ငါ နှစ်ပေါင်း(၄၀)နီးပါးနော်။ ဒီ ပရဟိတလုပ်ငန်းကြီးတွေကို ငါလုပ်လာတာ၊ ဒါ ဗဟိုဦးစီး တစ်ယောက်ထဲသဘောနဲ့ အကုန်လုံး စီမံလာခဲ့တာ။ ဒီကနေ့တော့ ငါအသက်(၈၀)ပြည့်ဖို့ရန် လေးလငါးလလောက်သာ လိုတော့တဲ့အချိန်မှာ ဒီစီမံကိန်းအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူရန်အတွက် ငါမင်းတို့ကို တာဝန်ပေးဖို့ဆိုပြီးတော့ ငါသီတဂူဝန်ဆောင်သံဃအဖွဲ့ကို ဒီကနေ့ ဖွဲ့တယ်။

မှတ်ချက် ။ ။ သီတဂူဝန်ဆောင် သံဃအဖွဲ့ ကို တပည့်ကြီး ၁၆ ပါးတို့ဖြင့် အသစ်ပြန်လည်ဖွဲ့ခြင်း၊ ဖွဲ့ရခြင်းအကြောင်းတို့ကို မြတ်ဗုဒ္ဓလက်ထက်တော်ခေတ်၊ မြတ်ဗုဒ္ဓအလွန်ခေတ်နှင့် ယနေ့ခေတ်တို့ကို ယှဉ်ဆက်ပြီး မိန့်သွားသော သြဝါဒကထာဖြစ်ပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-374

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈